Due Date စောလွန်းတဲ့ Return Ticket

နိဒါန်းဆိုတာ အစလို့နားလည်ကြပေမဲ့
နိဂုံး ဆိုတာ အဆုံးလို့ သိလိုက်ရချိန်မှာ
အရှိုက်ထိမတတ် ခံစားရတဲ့ဝေဒနာနဲ့အတူ
အလိုက်မသိအမှောင်ထပ် ကြုံတွေ့ခဲ့ရတဲ့အရာတွေဟာ
မြန်လိုက်တာ၊ နှေးလိုက်တာလို့ ဘယ်သူပြောနိုင်မှာလဲ?
အိပ်ဟန်ဆောင်နှိုးရခက်ဆိုပေမဲ့
သနားဟန်ဆောင် ခံစားရခက်နေရတာ
မွေးဖွါးလာကတည်းက ဘယ်သူမှမသိကြတာကို
ကြိုပြီးရိပ်မိသွားတဲ့ မသိစိတ်ရဲ့လွမ်းမိုးမှုအောက်မှာ
ကြိတ်မှိတ်ခံစားလာခဲ့ရချိန်
အတိမ်အနက်မသိ အနီးအဝေးမရှိတဲ့
အပြန်လမ်းအတွက် Due date စောလွန်းတာ
လောလွန်းတဲ့ဆုံးဖြတ်ချက်နဲ့ Return Ticket ကို
ဘယ်လိုယုံစားရမှာလဲ?
ကာရံမဲ့နေတဲ့ ဘ၀စာမျက်နှာအပေါ်
အရောင်ပြင်းတဲ့ မှင်အိုးထဲကမှင်ရည်တွေ
စကားလုံးတွေ မမြင်ရလောက်အောင်
ရှုပ်ထွေးသွားတဲ့အချိန်
အိပ်ပျက်သွားတဲ့ အိပ်မက်လို
“ သိုက် ကန္တာရ၀တီ “ ရဲ့ စာစုထဲက
ကဗျာနုနုလေးကို ဒို့သူငယ်ချင်းတွေ ဘယ်လိုမေ့နိုင်မှာလဲ?
အသွားအတွက် အနီးအဝေး မသိခဲ့ပေမဲ့
အပြန်အတွက် Due date ရှိနေခဲ့တာ
Return Ticket ကို ဘယ်သူက
Confirm လုပ်ထားလိုက်တာလဲဆိုတာ
ဒို့လည်းမသေချာပါဘူး……………..
For Fr.Mario Ya Di (apk- ရောင်းရင်းတစ်ဦး)